လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

ကုသိနာရသုတ်

၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံပြည် ဗလိနတ်စာ ပူဇော်ပသရာ တောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့က ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်၍ မိမိသန္တာန်၌ တရားငါးမျိုးတို့ကို တည်စေကာ သူတစ်ပါးကိုစောဒနာအပ်၏။ အဘယ်တရား ငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်အပ်ကုန်သနည်းဟူမူ— ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်ရမည် — “(ငါသည်) ကိုယ်အကျင့် စင်ကြယ်ပါ၏လော၊ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော ကိုယ်အကျင့်နှင့် ပြည့်စုံပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် ကိုယ်အကျင့် မစင်ကြယ်ခဲ့မူ စင်ကြယ်သော မပေါက်သော မဆွဲငင်မသုံးသပ်အပ်သော ကိုယ်အကျင့်နှင့် မပြည့်စုံခဲ့မူ ထိုရဟန်းအား “တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ ကိုယ်အကျင့်ကို ကျင့်ပါဦးလော့”ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ “(ငါသည် ) နှုတ်အကျင့် စင်ကြယ်ပါ၏လော၊ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် ပြည့်စုံပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် နှုတ်အကျင့် မစင်ကြယ်ခဲ့မူ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် မပြည့်စုံခဲ့မူ ထိုရဟန်းအား “တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ နှုတ်အကျင့်ကို ကျင့်ပါဦးလော့”ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ “ငါ့အား သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်သည် ရှေးရှုတည်ပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းအား သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်သည် ရှေးရှုမတည်ခဲ့မူ ထိုရဟန်းအား “တိုက်တွန်း ပါ၏၊ အသျှင်သည် ရှေးဦးစွာ သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်ကို ရှေးရှုတည်ပါစေ လော့”ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ “ငါသည် အကြားအမြင် များပါ၏လော၊ အကြားအမြင်ကို ဆောင်ပါ၏လော၊ အကြား အမြင်ကို ဆည်းပူးပါ၏လော၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွ ဖြစ်ကုန်သော ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖော်ပြ တတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူးပါကုန်၏လော၊ နှုတ်ဖြင့် ဆောင်ထားဖူးပါကုန်၏လော၊ လေ့ကျက်ထားဖူးပါကုန်၏လော၊ စိတ်ဖြင့် ဆင်ခြင်ဖူးပါကုန်၏လော၊ ပညာဖြင့် ထိုးထွင်း၍ သိဖူးပါကုန်၏ လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ့်မရှိသလော”ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် အကြားအမြင် မများခဲ့မူ အကြားအမြင်ကို မဆောင်ခဲ့မူ အကြားအမြင်ကို မဆည်းပူးခဲ့မူ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်,သဒ္ဒါနှင့် တကွဖြစ်ကုန်သော ထက်ဝန်းကျင်ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖော်ပြတတ်ကုန်သော တရားတို့ကို များစွာ မကြားနာခဲ့ရဖူးမူ နှုတ်ဖြင့် မဆောင်ခဲ့ဖူးမူ မလေ့ကျက်ခဲ့ဖူးမူ စိတ်ဖြင့် မဆင်ခြင်ခဲ့ဖူးမူ ပညာဖြင့် ထိုးထွင်း၍ မသိခဲ့ဖူးမူ ထိုရဟန်းအား “တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ သုတ္တန်ပါဠိကို သင်ပါဦး လော့”ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းတို့အား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ “ငါ့အား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌လာပါကုန်၏လော၊ ကောင်းစွာ ဝေဖန်ပြီး ဖြစ်ပါကုန်၏လော၊ ကောင်းစွာဖြစ်ခြင်း ရှိပါကုန်၏လော၊ ပါဠိအားဖြင့်လည်းကောင်း၊ အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာဆုံးဖြတ်ပြီး ဖြစ်ပါကုန်၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းအား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌ မလာကုန်မူ ကောင်းစွာ မဝေဖန်ရသေးကုန်မူ ကောင်းစွာဖြစ်ခြင်း မရှိသေးကုန်မူ ပါဠိအားဖြင့်လည်းကောင်း၊ အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာ မဆုံးဖြတ်ရ သေးကုန်မူ “ငါ့သျှင် ဤသိက္ခာပုဒ်ကို အဘယ်အရပ်၌ မြတ်စွာဘုရားသည် ဟောတော်မူသနည်း”ဟု မေးသော် ကောင်းစွာ ဖြေဆိုနိုင်လိမ့်မည် မဟုတ်၊ ထိုရဟန်းအား “တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ ဝိနည်းကို သင်ပါဦးလော့”ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်အပ်ကုန်၏။ မိမိသန္တာန်၌ တည်စေအပ်သော တရားငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ— သင့်လျော်သော အခါ၌ (ငါ ) ပြောဆိုမည်၊ မသင့်လျော်သော အခါ၌ (ငါ ) ပြောဆိုမည် မဟုတ်။ မှန်သော စကားဖြင့် (ငါ) ပြောဆိုမည်၊ မမှန်သော စကားဖြင့် (ငါ) ပြောဆိုမည် မဟုတ်။ သိမ်မွေ့သော စကားဖြင့် (ငါ) ပြောဆို မည်၊ ကြမ်းတမ်းသော စကားဖြင့် (ငါ) ပြောဆိုမည် မဟုတ်။ အကျိုးနှင့်စပ်သော စကားဖြင့် (ငါ) ပြော ဆိုမည်၊ အကျိုးနှင့် မစပ်သော စကားဖြင့် (ငါ) ပြောဆိုမည်မဟုတ်။ မေတ္တာစိတ်ထားလျက် (ငါ) ပြောဆို မည်၊ ဒေါသစိတ်ထားလျက် (ငါ) ပြောဆိုမည် မဟုတ်ဟု ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ တည်စေ အပ်ကုန်၏။ ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်၍ မိမိသန္တာန်၌ ဤတရားငါးမျိုးတို့ကို တည်စေကာ သူတစ်ပါးကိုစောဒနာအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

အကြောင်းအရာများ [၀]