လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၆]

ဒုတိယ သုခသုတ်

၆၆။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာမဏ္ဍကာနိပရိဗိုဇ်သည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား—ငါ့သျှင်သာရိပုတြာ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ချမ်းသာဟူသည် အဘယ်နည်း၊ ဆင်းရဲဟူသည် အဘယ်နည်းဟု မေးလျှောက်၏။ ငါ့သျှင် ဓမ္မဝိနယ ‘သာသနာတော်’၌ မပျော်မွေ့မှုသည် ဆင်းရဲတည်း၊ ပျော်မွေ့မှုသည် ချမ်းသာတည်း။ ငါ့သျှင် မပျော်မွေ့မှုရှိလျှင် သွားသော် လည်း ချမ်းသာမှု သာယာမှုကို မရ။ ရပ်သော်လည်း။ ထိုင်သော်လည်း။ လျောင်းသော်လည်း။ ရွာသို့ ကပ်ရောက်သော်လည်း။ တောသို့ ကပ်ရောက်သော်လည်း။ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်း။ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သော်လည်း။ လွင်တီးခေါင်သို့ ကပ်ရောက်သော်လည်း။ ရဟန်းတို့ အလယ်သို့ ကပ်ရောက်သော်လည်း ချမ်းသာမှု သာယာမှုကို မရဟူသော ဤ ဆင်းရဲကို (မချွတ်ရလိမ့် မည်ဟု) မျှော်လင့်နိုင်၏။ ငါ့သျှင် ပျော်မွေ့မှုရှိလျှင် သွားသော်လည်း ချမ်းသာမှု သာယာမှုကို ရ၏။ ရပ်သော်လည်း။ ထိုင်သော်လည်း။ လျောင်းသော်လည်း။ ရွာသို့ ကပ်ရောက်သော်လည်း။ တောသို့ ကပ်ရောက်သော်လည်း။ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သော်လည်း။ လွင်တီးခေါင်သို့ ကပ်ရောက်သော်လည်း။ ရဟန်းတို့အလယ်သို့ ကပ်ရောက်သော်လည်း ချမ်းသာမှု သာယာမှုကို ရ၏ဟူသော ဤချမ်းသာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

အကြောင်းအရာများ [၀]