၅၅။ ထိုအခါ တစ်ဦးသော ပုဏ္ဏားမျိုး ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက် သော တရား၊ ကိုယ်တိုင်သိမြင်ထိုက်သော တရားဟု ဆိုအပ်ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားတော်သည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း။ (အရိယာ) ပညာရှိတို့ သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း”ဟု (လျှောက်ထား၏)။
ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန့်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုး ကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။
ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟ နှိပ်စက်ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ မောဟကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား မောဟဖြင့် တွေဝေသော သူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်း မှန်စွာ မသိ။ မောဟကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ အခါမလင့် အကျိုး ပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိ တို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။
စတုတ္ထသုတ်။
အကြောင်းအရာများ [၀]