လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၇]

ဇာဏေုဿာဏိသုတ်

၆ဝ။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ အကြင်သူအား ယဇ်ပူဇော်ဖွယ် ဖြစ်စေ ကုဗ္ဘီးထမင်း၁ဖြစ်စေ နွားနို့ထမင်း၂ ဖြစ်စေ (အခြား) လှူဖွယ်ဝတ္ထုဖြစ်စေ ရှိသည် ဖြစ်အံ့၊ ထိုသူသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ပုဏ္ဏားတို့၌ အလှူကို ပေးလှူရာပါ၏”ဟု (လျှောက်၏)။ ပုဏ္ဏား အဘယ်သို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးရှိသူဟူ၍ ပုဏ္ဏားတို့ ပညတ်ကုန်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏။ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ် မြောက်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ပုဏ္ဏားတို့ ပညတ် ကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏား ပုဏ္ဏားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟု ပုဏ္ဏားတို့ ပညတ်ပြောဆိုကြသည်ကား အခြား တစ်ပါးတည်း၊ အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းကား အခြားတစ်ပါးတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အဘယ်သို့လျှင် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံခြင်းဖြစ်ပါသနည်း၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာ သုံးပါး ဖြစ်ပုံတရားကို အကျွန်ုပ်အား ဟောကြားတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါဟောအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏— ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ခဲ့ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေ၏။ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ထိုသူအား ဤရှေးဦးစွာသော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား (အဝိဇ္ဇာ) မှောင်ကင်း၍ (ပညာဉာဏ်) အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ကင်း၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် မတုန်မလှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါ၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ ထိုသူအား ဤနှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် တည်ကြည် သော စိတ်ရှိသည်ဖြစ်၍နေသော သူအား (အဝိဇ္ဇာ) မှောင်ကင်း၍ (ပညာဉာဏ်) အလင်းဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ်’ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုသူသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ “အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ဤသို့ သိသော ဤသို့မြင်သော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီး ပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့”ဟု သိ၏။ ထိုသူအား ဤသုံးခုမြောက် အသိဉာဏ် “ဝိဇ္ဇာ” ကို ရ၏၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ (ပညာဉာဏ်) အလင်းရောင်သည် ဖြစ်ပေါ်သကဲ့သို့ မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ (အဝိဇ္ဇာ) မှောင်ပျောက်၍ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။

အကြင် ပုဂ္ဂိုလ်သည် သီလအကျင့်နှင့် ပြည့်စုံ၏၊ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ တည်ကြည်၏၊ အကြင် ပုဂ္ဂိုလ်၏ စိတ်သည် (ဈာန်၌) လေ့လာ ပြီး ဖြစ်၏၊ တစ်ခုတည်းသော အာရုံရှိ၏၊ ကောင်းစွာ တည်ကြည်၏။ အကြင် ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသည်ကို သိ၏၊ နတ်ဘုံ အပါယ်ဘုံတို့ကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ ကုန်ခန်းရာ (အရဟတ္တဖိုလ်) သို့ ရောက်၏၊ ထူးသော ဉာဏ်ဖြင့် သိ၍ အပြီးဆုံးသို့ ရောက်၏၊ မောနေယျတရားရှိ၏။ (ထို ပုဂ္ဂိုလ်သည်) ဤဝိဇ္ဇာသုံးပါးတို့ဖြင့် တေဝိဇ္ဇပုဏ္ဏား ဖြစ်၏၊ ထို ပုဂ္ဂိုလ်ကိုသာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟူ၍ ငါဆို၏။ တစ်ပါးသူတို့ ပြောသည်ကို လိုက်၍ ပြောတတ်ကာမျှ ဖြစ်သူကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူဟု ငါမဆို။

ပုဏ္ဏား ဤသို့လျှင် အရိယာ၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်၏ (ဟု မိန့်တော်မူ၏)၊ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကား အခြားတစ်ပါးပါတည်း အရိယာသူမြတ်၏ အဆုံးအမ၌ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကား အခြားတစ်ပါးပါတည်း။ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ ဝိဇ္ဇာ သုံးပါးသည် အရိယာသူမြတ်တို့၏ အဆုံးအမဖြစ်သော ဤဝိဇ္ဇာသုံးပါးကို တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှကိုလည်း မမှီနိုင်ပါ။ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

နဝမသုတ်။

၁။ ကုဗ္ဘီးထမင်းဟူသည် သေသူကို ရည်၍ ပေးလှူသော ထမင်းတည်း။

၂။ ထာလိပါကကို နွားနို့ဖြင့် ချက်အပ်သော ထမင်းအထူးဟု သက္ကဋအဘိဓာန်တို့၌ ဆိုသည်။

အကြောင်းအရာများ [၀]