လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

ရုက္ခသုတ်

၁ဝ၉။ ရဟန်းတို့ သစ်ပင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အကာပင်ဖြစ်၍ အကာပင်အခြံအရံရှိသော သစ်ပင်၊ အကာပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော သစ်ပင်၊ အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်၊ အနှစ်ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော သစ်ပင်တို့တည်း။ ရဟန်းတို့ သစ်ပင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် သစ်ပင်နှင့် တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အကာပင် ဖြစ်၍ အကာပင်အခြံအရံရှိသော ပုဂ္ဂိုလ်၊ အကာပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော ပုဂ္ဂိုလ်၊ အနှစ်ပင် ဖြစ်၍ အကာပင်အခြံအရံရှိသော ပုဂ္ဂိုလ်၊ အနှစ်ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကာပင်ဖြစ်၍ အကာပင်အခြံအရံရှိသော ပုဂ္ဂိုလ်မည် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလမရှိ၊ ယုတ်ညံ့သော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကာပင် ဖြစ်၍ အကာပင်အခြံအရံရှိသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို သစ်ပင်သည် အကာပင်ဖြစ်၍ အကာပင်အခြံအရံ ရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို သစ်ပင်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကာပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော ပုဂ္ဂိုလ်မည် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ မရှိ၊ ယုတ်ညံ့သော သဘော ရှိ၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်ကား သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကာပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို သစ်ပင်သည် အကာ ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို သစ်ပင်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အနှစ်ပင်ဖြစ်၍ အကာပင်အခြံအရံရှိသော ပုဂ္ဂိုလ်မည် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်ကား သီလမရှိ၊ ယုတ်ညံ့သော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို သစ်ပင်သည် အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို သစ်ပင်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အနှစ်ပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော ပုဂ္ဂိုလ်မည် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အနှစ်ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို သစ်ပင်သည် အနှစ် ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို သစ်ပင်နှင့်တူ၏ဟု ငါဆို၏။ ရဟန်းတို့ သစ်ပင်နှင့် တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

အကြောင်းအရာများ [၀]