လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၆]

သစ္ဆိကရဏီယသုတ်

၁၈၉။ ရဟန်းတို့ မျက်မှောက်ပြုအပ်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ကိုယ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ သတိဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ မျက်စိဖြင့် မျက်မှောက် ပြုအပ်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ပညာဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည့်ရှိကုန်၏။

ရဟန်းတို့ ကိုယ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ လွတ်မြောက်မှု (ဝိမောက္ခ) ရှစ်ပါးတို့ကို ကိုယ်ဖြင့် မျက်မှောက်ပြုအပ်ကုန်၏။

ရဟန်းတို့ သတိဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သတိဖြင့် မျက်မှောက်ပြုအပ်ကုန်၏။

ရဟန်းတို့ မျက်စိဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို မျက်စိဖြင့် မျက်မှောက်ပြုအပ်၏။

ရဟန်းတို့ ပညာဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ပညာဖြင့် မျက်မှောက်ပြုအပ်၏။ ရဟန်းတို့ မျက်မှောက်ပြုအပ်သော တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

အကြောင်းအရာများ [၀]