လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

သာဠှသုတ်

၁၉၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာဠှလိစ္ဆဝီမင်းနှင့် အဘယလိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီး့သော် သာဠှလိစ္ဆဝီမင်းသည် မြတ်စွာဘုရားအား—

အသျှင်ဘုရား သီလစင်ကြယ်ခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း၊ ခြိုးခြံသောအကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း ဤနှစ်ပါးစုံသော အကြောင်းကြောင့် သြဃလေးပါးမှ ထွက်မြောက်ခြင်းကို ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ အသျှင်ဘုရား ဤသို့ ပညတ်ရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဟောပါသနည်းဟု လျှောက်၏။

သာဠှ ငါသည် သီလစင်ကြယ်ခြင်းကို တစ်ခုသော ရဟန်းတရား၏ အဖို့အစုဟူ၍ ဟောတော်မူ၏၊ သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းတည်းဟူသော အယူရှိကုန်လျက် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းအကျင့်ကို အနှစ်ဟု မှတ်ထင် ကုန်လျက် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း၌ ကပ်ငြိကုန်လျက် နေကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့သည် သြဃလေးပါးမှ ထွက်မြောက်ခြင်းငှါ မထိုက်ကုန်။

သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် မစင်ကြယ်သော ကိုယ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော နှုတ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော စိတ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော အသက်မွေးခြင်း ရှိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော ဉာဏ် အမြင်အလို့ငှါ မထိုက်ကုန်၊ သာဠှ ဥပမာသော်ကား မြစ်ကို ကူးလိုသော ယောကျာ်းသည် ထက်စွာသော ဓားမကို ကိုင်စွဲ၍ တောအုပ်သို့ ဝင်ရာ၏၊ ထိုသူသည် ထို တောအုပ်၌ ဖြောင့်စွာသော ပျိုနုသော (ဖြစ်အံ့လော မဖြစ်အံ့လောဟု) တွေးတောဖွယ်မရှိသော ကြီးစွာသော အင်ကြင်းပင်ကို မြင်ရာ၏၊ ထို အင်ကြင်းပင်ကို အရင်း၌ ဖြတ်ရာ၏၊ အရင်းကို ဖြတ်ပြီး၍ အဖျားကို ဖြတ်ရာ၏၊ အဖျားကို ဖြတ်ပြီး၍ အခက်အရွက်တို့ကို ကောင်းစွာ သုတ်သင်ရာ၏၊ အခက်အရွက်တို့ကို ကောင်းစွာ သုတ်သင်ပြီး၍ ဓားမတို့ဖြင့် ရွေရာ၏၊ ဓားမတို့ဖြင့် ရွေပြီး၍ ပဲခွပ်တို့ဖြင့် ရွေရာ၏၊ ပဲခွပ်တို့ဖြင့် ရွေပြီး၍ (တံစည်း) ကျားလျှာဖြင့် တိုက်ရာ၏၊ ကျားလျှာ (တံစည်း) ဖြင့် တိုက်ပြီး၍ ကျောက်လုံးဖြင့် ပွတ်တိုက်ရာ၏၊ ကျောက်လုံးဖြင့် ပွတ်တိုက်ပြီး၍ မြစ်ကို ကူးရာ၏။

သာဠှ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထို ယောကျာ်းသည် မြစ်ကို ကူးရန် ထိုက်ပါ သလောဟု (မေးတော်မူ၏)၊ အသျှင်ဘုရား မကူးထိုက်ပါ။ ထိုသို့ မကူးထိုက်ခြင်းသည် အဘယ်ကြောင့် ပါနည်းဟူမူ— အသျှင်ဘုရား ဤအင်ကြင်းတုံးကို အပ၌ ကောင်းစွာ အပြေအပြစ် ပြုအပ်၏၊ အတွင်း၌ကား မစင်ကြယ်၊ “ထို အင်ကြင်းသစ်တုံးကြီးသည် နစ်မြုပ်လတ္တံ့၊ ယောကျာ်းသည်လည်း အကျိုးမဲ့ ပျက်စီးခြင်း သို့ ရောက်လတ္တံ့”ဟု ထိုသူအား ဤအပြစ်ကို (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်သောကြောင့်တည်းဟု (လျှောက်၏)။

သာဠှ ဤအတူသာလျှင် အကြင် သမဏဗြာဟ္မဏတို့သည် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းတည်းဟူသော အယူရှိကုန်၏၊ ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း အကျင့်ကို အနှစ်ဟု မှတ်ထင်ကုန်၏၊ ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းအကျင့်၌ ကပ်ငြိကုန်သည် ဖြစ်၍ နေကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် သြဃလေးပါးမှ ထွက်မြောက်ခြင်းငှါ မထိုက်ကုန်။ သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် မစင်ကြယ်သော ကိုယ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော နှုတ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော စိတ်အကျင့် ရှိကုန်၏၊ မစင်ကြယ်သော အသက်မွေးခြင်း ရှိကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော ဉာဏ်အမြင်အလို့ငှါ မထိုက်ကုန်။

သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းဟူသော အယူမရှိကုန်သည် ဖြစ်၍ ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း၌ အနှစ်ဟု့မမှတ်ထင်ကုန်သည် ဖြစ်၍ ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းအကျင့်၌ မကပ်ငြိကုန်သည်ဖြစ်၍ နေကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် သြဃလေးပါးမှ ထွက်မြောက်ရန် ထိုက်ကုန်၏။ သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် စင်ကြယ်သော ကိုယ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော နှုတ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော စိတ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော ဉာဏ်အမြင်အလို့ငှါ ထိုက် ကုန်၏။

သာဠှ ဥပမာသော်ကား မြစ်ကို ကူးလိုသော ယောကျာ်းသည် ထက်လှစွာသော ဓားမကို ကိုင်စွဲ၍ တောအုပ်သို့ ဝင်ရာ၏၊ ထိုသူသည် ထို တောအုပ်၌ ဖြောင့်စွာသော ပျိုနုသော (ဖြစ်အံ့လော မဖြစ်အံ့ လောဟု) တွေးတောဖွယ်မရှိသော ကြီးစွာသော အင်ကြင်းပင်ကို မြင်ရာ၏၊ ထို အင်ကြင်းပင်ကို အရင်း၌ ဖြတ်ရာ၏၊ အရင်းကို ဖြတ်ပြီး၍ အဖျားကို ဖြတ်ရာ၏၊ အဖျားကို ဖြတ်ပြီး၍ အခက်အရွက်တို့ကို ကောင်းစွာ သုတ်သင်ရာ၏၊ အခက်အရွက်တို့ကို ကောင်းစွာ သုတ်သင်ပြီး၍ ဓားမဖြင့် ရွေရာ၏၊ ဓားမဖြင့် ရွေပြီး၍ ပဲခွပ်ဖြင့် ရွေရာ၏၊ ပဲခွပ်ဖြင့် ရွေပြီး၍ ဆောက်ကို ယူပြီးလျှင် အတွင်း၌ ကောင်းမွန် စင်ကြယ်စွာ ထွင်းရာ၏၊ အတွင်း၌ ကောင်းမွန် စင်ကြယ်စွာ ထွင်းပြီး၍ ကျားလျှာ (တံစည်း) ဖြင့် တိုက်ရာ၏၊ ကျားလျှာ (တံစည်း) ဖြင့် တိုက်ပြီး၍ ကျောက်လုံးဖြင့် ပွတ်တိုက်ရာ၏၊ ကျောက်လုံးဖြင့် ပွတ်တိုက်ပြီး၍ လှေကို ပြုရာ၏၊ လှေကို ပြုပြီး၍ တက်မ ထိုးဝါးကို ဖွဲ့ရာ၏၊ တက်မ ထိုးဝါးကို ဖွဲ့ပြီး၍ မြစ်ကို ကူးရာ၏။

သာဠှ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထို ယောကျာ်းသည် မြစ်ကို ကူးရန် ထိုက်ပါ သလောဟု (မေးတော်မူ၏)၊ အသျှင်ဘုရား ကူးထိုက်ပါ၏။ ထိုသို့ ကူးထိုက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ဘုရား ဤအင်ကြင်းပင်ကို အပ၌ ကောင်းစွာ အပြေအပြစ် ပြုအပ်၏၊ အတွင်း၌လည်းကောင်း စွာ စင်ကြယ်အောင်ပြု၏၊ “တက်မ ထိုးဝါးကို ဖွဲ့ထားသော လှေသည် မနစ်လတ္တံ့၊ ယောကျာ်းသည် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ရောက်လတ္တံ့”ဟု ထိုသူအား ဤအကျိုးကို (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်သောကြောင့်တည်းဟု (လျှောက်၏)။

သာဠှ ဤအတူပင်လျှင် အကြင် သမဏဗြာဟ္မဏတို့သည် ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းတည်းဟူသော အကျင့်မရှိကုန်သည်ဖြစ်၍ ခြိုးခြံသော အကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်း အကျင့်၌ အနှစ်ဟု မမှတ်ထင်ကုန်သည်ဖြစ်၍ ခြိုးခြံသောအကျင့်ဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းအကျင့်၌ မကပ်ငြိကုန်သည်ဖြစ်၍ နေကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် သြဃလေးပါးမှ ထွက်မြောက်ရန် ထိုက် ကုန်၏။ သာဠှ အကြင် သမဏဗြာဟ္မဏတို့သည် စင်ကြယ်သော ကိုယ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော နှုတ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော စိတ်အကျင့် ရှိကုန်၏၊ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် အတုမရှိသော သစ္စာလေးပါးကို ကောင်းစွာ သိတတ်သော ဉာဏ် အမြင် အလို့ငှါ ထိုက်ကုန်၏။

သာဠှ ဥပမာသော်ကား သူရဲကောင်း (စစ်သား)သည် များစွာကုန်သော မြားဖြင့် ပြုအပ်သော ဆန်းကြယ်သော အမှုတို့ကို အကယ်၍ ပြုတတ်သည် ဖြစ်အံ့၊ ထိုအခါ၌ သူရဲကောင်းသည် အကြောင်း သုံးမျိုးတို့ဖြင့် မင်းအား ထိုက်၏၊ မင်း၏ အသုံးတော်ခံ ဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ဝေးသော အရပ်၌ မြားကို ကျစေနိုင်၏၊ မချွတ် မယွင်း စူးဝင်အောင် ပစ်နိုင်၏၊ ကြီးစွာသော အထည်ကိုယ်ကို ဖောက်ခွဲနိုင်၏။

သာဠှ သူရဲကောင်း (စစ်သား)သည် ဝေးသော အရပ်၌ မြားကို ကျစေနိုင်သကဲ့သို့၊ သာဠှ ဤအတူသာလျှင် အရိယာတပည့်သည် ကောင်းသော တည်ကြည်ခြင်း (မဂ်ဖိုလ်သမာဓိ) ရှိ၏၊ သာဠှ ကောင်းသော တည်ကြည်ခြင်း (သမာဓိ) ရှိသော အရိယာတပည့်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဇ္ဈတ္တ့သန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ရုန့်ရင်းသည် သိမ်မွေ့သည်လည်းဖြစ်သော ယုတ်သည် မြတ်သည်လည်းဖြစ်သော ဝေးသည် နီးသည်လည်းဖြစ်သော ရုပ်ဟူသမျှ အလုံးစုံကို “ဤအလုံးစုံသော ရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤအလုံးစုံသော ရုပ်သည် ငါမဟုတ်၊ ဤအလုံးစုံသော ရုပ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ရုပ်ကိုဟုတ်မှန်သောအတိုင်း ကောင်းသော (ဝိပဿနာ) ပညာဖြင့် ရှု၏။ အလုံးစုံသော ဝေဒနာ ကို။ အလုံးစုံသော သညာကို။ အလုံးစုံသော သင်္ခါရတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ရုန့်ရင်းသည် သိမ်မွေ့သည်လည်းဖြစ်သော ယုတ်သည်မြတ်သည်လည်းဖြစ်သော ဝေးသည်နီးသည်လည်းဖြစ်သော ဝိညာဉ်ဟူသမျှအားလုံးကို “ဤအလုံးစုံသော ဝိညာဉ်သည် ငါ့ဥစ္စာမဟုတ်၊ ဤအလုံးစုံသော ဝိညာဉ်သည် ငါမဟုတ်၊ ဤအလုံးစုံသော ဝိညာဉ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ဝိညာဉ်ကိုဟုတ်မှန်သောအတိုင်း ကောင်းသော (ဝိပဿနာ) ပညာဖြင့် ရှု၏။

သာဠှ သူရဲကောင်း (စစ်သား)သည် မချွတ်မယွင်း စူးဝင်အောင် ပစ်နိုင်သကဲ့သို့၊ သာဠှ ဤအတူ သာလျှင် အရိယာတပည့်သည် မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ရှိ၏၊ သာဠှ မှန်ကန်သော မြင်ခြင်းရှိသော အရိယာတပည့်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ “ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်းဟု”ဟုတ်မှန်သောအတိုင်း သိ၏။

သာဠှ သူရဲကောင်း (စစ်သား)သည် ကြီးစွာသော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သကဲ့သို့၊ သာဠှ ဤအတူသာလျှင် အရိယာတပည့်သည် ကိလေသာမှ ကောင်းစွာ လွတ်မြောက်မှု အရဟတ္တဖိုလ် ‘ဝိမုတ္တိ’ ရှိ၏၊ သာဠှ ကိလေသာမှ ကောင်းစွာ လွတ်မြောက်မှု အရဟတ္တဖိုလ် ‘ဝိမုတ္တိ’ရှိသော အရိယာတပည့်သည် ကြီးစွာသောမသိခြင်း ‘အဝိဇ္ဇာ’အထုကို ဖောက်ခွဲနိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

အကြောင်းအရာများ [၀]