လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၅]

မလ္လိကာဒေဝီသုတ်

၁၉၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မလ္လိကာမိဖုရားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဘုရား ဤလောက၌ အချို့သော မာတုဂါမသည် အဆင်းလည်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံးအဆောင်လည်းနည်း၏၊ တန်ခိုးလည်းနည်း၏။ ထို အဆင်းမလှခြင်းစသည်၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

အသျှင်ဘုရား ဤလောက၌ အချို့သော မာတုဂါမသည် အဆင်းလည်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ သို့သော်လည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။ ထို အဆင်းမလှခြင်းစသည်၏ အကြောင်းအထောက် အပံ့ကား အဘယ်ပါနည်း။

အသျှင်ဘုရား ဤလောက၌ အချို့သော မာတုဂါမသည် အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော အဆင်းအသွင်နှင့် ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲ၏၊ ကိုယ်ပိုင် ဥစ္စာမရှိ၊ အသုံးအဆောင်လည်း မရှိ၊ တန်ခိုးလည်းနည်း၏။ ထို အဆင်းလှခြင်း စသည်၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

အသျှင်ဘုရား ဤလောက၌ အချို့သော မာတုဂါမသည် အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော အဆင်းအသွင်နှင့် ပြည့်စုံ၏၊ ကြွယ်လည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။ ထို အဆင်းလှခြင်းစသည်၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

မလလ္လိကာ ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှ ဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ ဖောက်ပြန်တတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထို မာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦကိုလည်းကောင်း မပေးလှူတတ်၊ ငြူစူခြင်း ‘ဣဿာ’ နှင့်ယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေခံရခြင်း အလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော် ခံရခြင်းတို့၌ ငြူစူ၏၊ ပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့၏။ ထို မာတုဂါမသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည်ဖြစ်အံ့၊ ထို မာတုဂါမသည် ဖြစ်လေရာရာဘဝ၌ အဆင်းလည်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံး အဆောင်လည်း မရှိ၊ တန်ခိုးလည်းနည်း၏။

မလ္လိကာ ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှ ဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ ဖောက်ပြန်တတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ထို မာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအား ဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကို ိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦကိုလည်းကောင်း ပေးလှူတတ်၏၊ ငြူစူခြင်းနှင့် ယှဉ်သော စိတ်မရှိ၊ သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေပြုခံရခြင်း အလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ၊ မပြစ်မှား၊ ငြူစူခြင်းဖြင့်မဖွဲ့။ ထို မာတုဂါမသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထို မာတုဂါမသည် ဖြစ်လေရာရာဘဝ၌ အဆင်းလည်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ သို့သော်လည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။

မလ္လိကာ ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသ မကြီး၊ စိတ်ပင်ပန်းခြင်း မများ၊ များစွာ ပြောဆိုသော်လည်း မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ မဖောက်ပြန်တတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ မပြုတတ်၊ ထို မာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦကိုလည်းကောင်း မပေးလှူတတ်၊ ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိသည် ဖြစ်၍ သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေပြုခံရခြင်း အလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူတတ်၏၊ ပြစ်မှားတတ်၏၊ ငြူစူခြင်းဖြင့် ဖွဲ့တတ်၏။ ထို မာတုဂါမသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထို မာတုဂါမသည် ဖြစ်လေရာရာဘဝ၌ အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ မြတ်သော အဆင်းအသွင်နှင့်လည်း ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံးအဆောင်လည်း မရှိ၊ တန်ခိုးလည်းနည်း၏။

မလ္လိကာ ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသမကြီး၊ စိတ်ပင်ပန်းခြင်းမများ၊ များစွာ ပြောဆိုသော်လည်း မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ မဖောက်ပြန်တတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ မပြုတတ်၊ ထို မာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦကိုလည်းကောင်း ပေးလှူတတ်၏၊ ငြူစူခြင်းနှင့် ယှဉ်သော စိတ်မရှိ၊ သူတစ်ပါး လာဘ်ရခြင်း အရိုအသေ ခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ၊ မပြစ်မှား၊ ငြူစူခြင်းဖြင့် မဖွဲ့။ ထို မာတုဂါမသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထို မာတုဂါမသည် ဖြစ်လေရာရာဘဝ၌ အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော အဆင်းအသွင်နှင့်လည်း ပြည့်စုံ၏၊ ကြွယ်ဝလည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။

မလ္လိကာ အကြင် ့ကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် အဆင်းလည်း မလှ၊ အသွင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံး အဆောင်လည်း မရှိ၊ တန်ခိုးလည်းနည်း၏၊ မလ္လိကာ ဤဆိုခဲ့ပြီးသည်ကား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ပေတည်း။ မလ္လိကာ အကြင် ့ကြောင့် ဤလောက၌ အချို့သောမာတုဂါမသည် အဆင်းလည်း မလှ၊ အသွင်လည်းမကောင်း၊ ရှုချင်ဖွယ်လည်း မရှိ၊ သို့သော်လည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။ မလ္လိကာ ဤဆိုခဲ့ပြီးသည်ကား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ပေတည်း။ မလ္လိကာ အကြင် ့ကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ မြတ်သော အဆင်းအသွင်နှင့်လည်း ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်း မရှိ၊ အသုံးအဆောင်လည်း မရှိ၊ တန်ခိုးလည်းနည်း၏။ မလ္လိကာ ဤဆိုခဲ့ပြီးသည်ကား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ပေတည်း။ မလ္လိကာ အကြင် ့ကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် အဆင်းလည်း လှ၏၊ ရှုချင်ဖွယ်လည်း ရှိ၏၊ ကြည်လင်ဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော အဆင်းအသွင်နှင့်လည်း ပြည့်စုံ၏၊ ကြွယ်လည်း ကြွယ်ဝ၏၊ များသော ဥစ္စာလည်း ရှိ၏၊ များသော အသုံးအဆောင်လည်း ရှိ၏၊ တန်ခိုးလည်း ကြီး၏။ မလ္လိကာ ဤဆိုခဲ့ပြီးသည်ကား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။

ဤသို့ဟောတော်မူသော် မလ္လိကာမိဖုရားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား အကျွန်ုပ်သည် တစ်ပါးသောဘဝ၌ အမျက်ကြီးဖူးခဲ့လေယောင်တကား၊ စိတ်ပင်ပန်းခြင်း များခဲ့လေယောင်တကား၊ အနည်းငယ် ပြောဆိုကာမျှဖြင့်လည်း (ဒေါသဖြင့်) ငြိကပ်တတ်ခဲ့လေယောင် တကား၊ အမျက်ထွက်ခဲ့လေယောင်တကား၊ ဖောက်ပြန်ခဲ့လေယောင်တကား၊ ရန်ငြိုးထားခဲ့လေယောင် တကား၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုဖူးခဲ့လေယောင်တကား၊ အသျှင်ဘုရား ထို အကျွန်ုပ်သည် ယခုဘဝ၌ အဆင်းမလှ၊ အသွင် မကောင်း၊ ရှုချင်ဖွယ် မရှိ။

အသျှင်ဘုရား အကျွန်ုပ်သည် တစ်ပါးသော ဘဝ၌ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦကိုလည်းကောင်း လှူဖူးခဲ့လေယောင်တကား၊ အသျှင်ဘုရား့ထို အကျွန်ုပ်သည် ဤယခုဘဝ၌ ကြွယ်ဝပါ၏၊ များသော ဥစ္စာရှိပါ၏၊ များသော အသုံးအဆောင်ရှိပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် တစ်ပါးသောဘဝ၌ ငြူစူစိတ် မရှိယောင်တကား၊ သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေပြုခံရခြင်း အလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူတတ်၊ မပြစ်မှားတတ်၊ ငြူစူခြင်းဖြင့် မနှောင်ဖွဲ့တတ်သည် ဖြစ်ခဲ့ဖူးယောင်တကား၊ အသျှင်ဘုရား ထို အကျွန်ုပ်သည် ဤဘဝ၌ တန်ခိုးကြီးပါ၏။ အသျှင်ဘုရား ဤမင်း၏ နန်းတော်၌ အကြင် မင်းသမီးတို့သည်လည်းကောင်း၊ ပုဏ္ဏားသတို့သမီးတို့သည်လည်းကောင်း၊ သူကြွယ်သတို့သမီးတို့သည်လည်းကောင်း ရှိပါကုန်၏၊ အသျှင်ဘုရား ထို အကျွန်ုပ်သည် ထို သတို့သမီးအပေါင်းတို့ကို အစိုးရခြင်းဖြင့် အကြီးအမှူး အဖြစ်ကို ပြုရပါ၏၊ အသျှင်ဘုရား ထို အကျွန်ုပ်သည် ယနေ့မှစ၍ အမျက်မကြီးတော့ပါအံ့၊ များသော စိတ်ပင်ပန်းခြင်း မရှိတော့ပါအံ့၊ များစွာ ဆိုပါသော်လည်း မကပ်ငြိပါအံ့၊ အမျက်မထွက်ပါအံ့၊ မဖောက် ပြန်ပါအံ့၊ ရန်ငြိုးမထားပါအံ့၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုပါအံ့။ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်သင်္ကန်းကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ နံ့သာကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆီမီးအဆောက်အဦ ကိုလည်းကောင်း ပေးလှူပါအံ့၊ ငြူစူစိတ် မဖြစ်တော့ပါအံ့၊ သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေ ပြုခံရခြင်း အလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူပါအံ့ မပြစ်မှား ပါအံ့၊ ငြူစူခြင်းဖြင့် မဖွဲ့ပါအံ့၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသိကာမဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

သတ္တမသုတ်။

အကြောင်းအရာများ [၀]