လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၄]

သေယျာသုတ်

၂၄၆။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပြိတ္တာတို့၏ အိပ်ခြင်း၊ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း၊ ခြင်္သေ့တို့၏ အိပ်ခြင်း၊ မြတ်စွာဘုရားတို့၏ အိပ်ခြင်းတို့တည်း။

ရဟန်းတို့ ပြိတ္တာတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ပြိတ္တာတို့သည် များသော အားဖြင့် ပက်လက် အိပ်ကုန်၏။ ရဟန်းတို့ ဤသည်ကို ပြိတ္တာတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ကာမဂုဏ် ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။ ရဟန်းတို့ ဤသည်ကို ကာမဂုဏ် ခံစားသူတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ ခြင်္သေ့တို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ ပေါင်အတွင်း၌ အမြီးကို ထည့်သွင်းလျက် လက်ယာနံပါးဖြင့် အိပ်၏၊ ထို ခြင်္သေ့သည် အိပ်ရာမှ နိုးလတ်သော် ရှေ့ပိုင်းကိုယ်ကို စဉ်းငယ် ညွှတ်စေ၍ နောက်ပိုင်းကိုယ်ကို စောင်းလှည့်၍ ကြည့်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန်နေသည်ကိုလည်းကောင်း၊ ရွေ့ရှားနေသည်ကိုလည်းကောင်း အကယ်၍ မြင်ရအံ့၊ ့ရဟန်းတို့ ထိုသို့ မြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် မနှစ်မြို့ခြင်း ဖြစ်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန်နေသည်ကိုလည်းကောင်း၊ ရွေ့ရှားနေသည်ကိုလည်းကောင်း အကယ်၍ မမြင်အံ့၊ ရဟန်းတို့ ထိုသို့ မမြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် နှစ်မြို့၏။ ရဟန်းတို့ ဤသည်ကို ခြင်္သေ့တို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ မြတ်စွာဘုရားတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မြတ်စွာဘုရားတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

အကြောင်းအရာများ [၀]