လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၃]

ကုလူပကသုတ်

၁၁၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသည့် အိမ်သို့ ကပ်သော ရဟန်းသည် အိမ်သူ အိမ်သားတို့၏ မချစ်အပ်သူလည်း ဖြစ်၏၊ မမြတ်နိုးအပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ (နှလုံးကို) မပွါးစေတတ်သူလည်း ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အဆွေခင်ပွန်း မဟုတ်ပါဘဲလျက် အကျွမ်းတဝင်လည်း ပြုလုပ်တတ်၏၊ မစိုးပိုင်ဘဲလျက်လည်း (စိုးပိုင်သကဲ့သို့) စီရင်တတ်၏၊ စွန့်လွှတ် (ကွဲပြား) ပြီးသူတို့ကိုလည်း (စေ့စပ်ရန်) မှီဝဲလေ့ရှိ၏၊ နားရင်း၌ ကပ်၍လည်း တိုးတိုးပြောလေ့ရှိ၏၊ အလွန်လည်း တောင်းတတ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသည့် အိမ်သို့ ကပ်သော ရဟန်းသည် အိမ်သူ အိမ်သားတို့၏ မချစ်အပ်သူလည်း ဖြစ်၏၊ မမြတ်နိုးအပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ (နှလုံးကို) မပွါးစေတတ်သူလည်း ဖြစ်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသည့် အိမ်သို့ ကပ်သော ရဟန်းသည် အိမ်သူ အိမ်သားတို့၏ချစ်အပ်သူလည်း ဖြစ်၏၊ မြတ်နိုးအပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ (နှလုံးကို) ပွါးစေတတ်သူလည်း ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အဆွေခင်ပွန်း မဟုတ်ပါဘဲလျက်လည်း အကျွမ်းတဝင် ပြုလုပ်လေ့ မရှိ၊ မစိုးပိုင်ဘဲလျက်လည်း (စိုးပိုင်သကဲ့သို့) စီရင်လေ့ မရှိ၊ စွန့်လွှတ် (ကွဲပြား) ပြီးသူတို့ကိုလည်း (စေ့စပ်ရန်) မှီဝဲလေ့မရှိ၊ နားရင်း၌ ကပ်၍လည်း တိုးတိုး ပြောလေ့မရှိ၊ အလွန်လည်း မတောင်းတတ်။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသည့် အိမ်သို့ ကပ်သော ရဟန်းသည် အိမ်သူ အိမ်သား တို့၏ချစ်အပ်သူလည်း ဖြစ်၏၊ မြတ်နိုးအပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ (နှလုံးကို) ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

အကြောင်းအရာများ [၀]